Tuesday, December 9, 2014

EJU အကြောင်း သိကောင်းစရာ


>>> EJU ဆိုတာဘာလဲ? ဘယ်လိုဘာသာရပ်မျိုးတွေ ပါဝင်လဲ?

EJU (Examination for Japanese University Admission for International Students, 日本留学試験)- နိုင်ငံခြားသားကျောင်းသားတွေ ဂျပန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်အဆင့် (undergraduate level) ကျောင်းတွေမှာ တက်ရောက်နိုင်ဖို့အတွက် အရည်အချင်းကိုက်ညီမှုရှိမရှိစစ်ဆေးတဲ့ စာမေးပွဲတစ်ခုပါ။ ဖြေဆိုရတဲ့ ဘာသာရပ်တွေက ဂျပန်ဘာသာ၊ သင်္ချာ၊ သိပ္ပံတွဲအနေနဲ့ (ရူပ၊ ဓာတု၊ ဇီဝ)၊ ဝိဇ္ဇာတွဲအနေနဲ့ အထွေထွေဝိဇ္ဇာဘာသာရပ် (総合科目) တွေ ဖြစ်ပြီး မိမိတက်ရောက်မယ့် တက္ကသိုလ်၊ ကောလိပ် ဒါမှမဟုတ် သက်မွေးကျောင်းပေါ် မူတည်ပြီး ဖြေဆိုရမယ့် ဘာသာရပ်ကို ရွေးချယ်ရမှာပါ။ သင်္ချာ၊ သိပ္ပံနဲ့ ဝိဇ္ဇာဘာသာရပ်တွေကို ဂျပန်လို ဒါမှမဟုတ် အင်္ဂလိပ်လို မိမိနှစ်သက်ရာ ဘာသာစကားနဲ့ ဖြေဆိုနိုင်ပေမယ့် အကြံပြုချင်တာကတော့ ဂျပန်လိုဖြေတာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုရင် တစ်ချို့ကျောင်းတွေက ဂျပန်ဘာသာနဲ့ ဖြေဆိုတာကိုသာ လက်ခံတဲ့အတွက် အင်္ဂလိပ်လို ဖြေထားတဲ့အခါ နောင်ကျောင်းရွေးတဲ့အခါမှာ အခက်အခဲဖြစ်နိုင်တယ်။

>>> ဘယ်လတွေမှာ ဖြေဆိုရမလဲ? မြန်မာနိုင်ငံမှာရော ဖြေလို့ရမရ?

၂၀၀၂ ခုနှစ်ကနေ စတင်ခဲ့တဲ့ စာမေးပွဲတစ်ခုဖြစ်ပြီး တစ်နှစ်ကိုနှစ်ကြိမ် ဇူလိုင်လနဲ့ နိုဝင်ဘာလတွေမှာ ကျင်းပလေ့ရှိပါတယ်။ (မြန်မာနိုင်ငံက ဖြေဆိုချင်သူတွေအတွက် MAJA (Myanmar Association of Japan Alumni) (http://www.ascoja-maja.org/) မှာ မေးမြန်းပါ။)

>>> undergraduate level တက္ကသိုလ် တက်ရောက်ချင်သူများအတွက် EJU အမှတ်လိုမလို???

လေ့လာကြည့်ရသလောက်တော့ တက္ကသိုလ်ကျောင်း တော်တော်များများက EJU စာမေးပွဲအမှတ်ကို တောင်းတာတွေ့ရတယ်။ EJU အမှတ်အသုံးပြုတဲ့ ကျောင်းတွေကို JASSO ဝက်ဘ်ဆိုဒ်ရဲ့ List of Schools Using EJU (http://www.jasso.go.jp/eju/use_e.html) ဆိုတဲ့ Category အောက်မှာ သွားကြည့်နိုင်ပါတယ်။

နောက်ပြီး မိမိဖြေထားတဲ့ EJU အမှတ်နဲ့ မြန်မာနိုင်ငံထဲကနေ တိုက်ရိုက်လှမ်းပြီး ကျောင်းလျှောက်တာ (Pre-arrival Admission)ကို လက်ခံတဲ့ကျောင်း ဒါမှမဟုတ် ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုဘဲ EJU အမှတ်တစ်ခုတည်းနဲ့ လက်ခံတဲ့ကျောင်း၊ EJU အမှတ်ရော ဝင်ခွင့်စာမေးပွဲဖြေဖို့ပါ လိုအပ်တဲ့ ကျောင်းဆိုပြီးတော့လည်း ကျောင်းအမျိုးမျိုး ရှိပါတယ်။ များသောအားဖြင့် Pre-arrival admission ပေးတဲ့ ကျောင်းတွေက နည်းပါတယ်။ မြန်မာပြည်ကနေ ကျောင်းလျှောက်ချင်တဲ့ လူတွေအတွက်တော့ "List of Schools Offering Pre-arrival Admission" (http://www.jasso.go.jp/eju/tonichimae_list_e.html) မှာ သွားရောက်ကြည့်ရှုပါ။

>>> EJU အမှတ်နဲ့ စကောလားရှစ်

EJU အမှတ် (ဂျပန်ဘာသာရမှတ်ကို ကြည့်တာပါ) အများဆုံးရတဲ့လူတွေကို Monbukagakushou (MEXT-Ministry of Education, Culture, Sports, Science and Technology) ကနေပြီး တက္ကသိုလ်တက်ရင် တစ်လကို ၄၈,၀၀၀ နဲ့ တစ်နှစ်တိတိ ထောက်ပံ့တဲ့ အစီအစဉ်လဲ ရှိပါတယ်။ အဲဒီအတွက်တော့ မြန်မာနိုင်ငံထဲမှာ ဖြေထားတဲ့ လူတွေအတွက် အခွင့်အရေးပိုများပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် တစ်နှစ်တစ်နှစ်ကို EJU ဖြေဆိုတဲ့ ကျောင်းသား မြန်မာနိုင်ငံထဲမှာ မရှိသလောက်ကို နည်းလို့ပါ။ ဂျပန်မှာ ဖြေမယ်ဆိုရင်တော့ အပန်းမကြီးဘဲ Kanji ကို အလွယ်တကူ ဖတ်နိုင်တဲ့ တရုတ်လူမျိုးတွေ အများကြီးရှိတဲ့အတွက် သူတို့တွေကို ကျော်ပြီး တို့မြန်မာလူမျိုးတွေ ဂျပန်ဘာသာမှာ အမှတ်အများကြီးရဖို့ရာ တော်တော်ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ အပြင်းအထန် ကြိုးစားမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

*******EJU မှာ အမှတ်များများရအောင်တော့ ဖြေပါ။ ဒါပေမဲ့ MEXT က ပေးတဲ့ စကောလားရှစ်ရခဲ့သည်ရှိသော် ယန်း ၄၈,၀၀၀ ဆိုတဲ့ ပမာဏကတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက်ဆိုရင် တော်တော်လေး နည်းများနည်းနေသလား ထင်မိလို့။ ဖြစ်နိုင်ရင် အဲဒီစကောလားရှစ်အစား တစ်ခြားငွေပမာဏများတဲ့ စကောလားရှစ်တွေကို ရှာပြီး လျှောက်ကြည့်စေချင်တယ်။ တစ်ခုရှိတာက MEXT ကပေးတဲ့ စကောလားရှစ်ကို cancel လုပ်ပြီးမှ တစ်ခြားဘယ်ကမှ မရခဲ့ရင် ကျောင်းသားအတွက်တော့ တော်တော်လေးနစ်နာမှု ရှိနိုင်တဲ့အတွက် မိမိဘာသာတွက်ဆပြီး အကောင်းဆုံးဖြစ်မယ့် စကောလားရှစ်ကို လျှောက်ပါလို့ပဲ အကြံပေးချင်ပါတယ်။



---ခင်သံလွင်---

No comments:

Post a Comment