Tuesday, December 9, 2014

ဂျပန်တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေမှာ ပညာတော်သင်သွားချင်သူများအတွက် TOEFL, TOEIC လိုမလို?



ကိုယ်သွားမှာက ဂျပန်နိုင်ငံပဲ။ အမေရိကားတို့၊ အင်္ဂလန်တို့မှမဟုတ်တာ အင်္ဂလိပ်စာက ဘာဖြစ်လို့လိုရမှာလဲဆိုပြီး ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး အောင်လက်မှတ်တစ်ခု ရှိထားဖို့ မဖြစ်မနေ လိုအပ်တာမဟုတ်ပေမဲ့ ရှိထားရင်တော့ အကောင်းဆုံးပေါ့။ မိမိရွေးချယ်တဲ့ ဘာသာရပ်ပေါ်မူတည်ပြီး လိုမလိုကွဲပြားနိုင်ပေမဲ့ တက္ကသိုလ်အများစုကတော့ တောင်းတတ်ပါတယ်။ နောက်တစ်ခုက အားလုံးသိတဲ့အတိုင်းပဲ အင်္ဂလိပ်စာဆိုတာ ဂျပန်မှာ ကျောင်းလျှောက်တာတစ်ခုတည်းအတွက် လိုအပ်တာမဟုတ်ဘဲ နောင်တစ်ချိန် လုပ်ငန်းခွင်ဝင်တဲ့အခါ တော်တော့်ကို အရေးပါတဲ့ အရာတစ်ခုပါ။

>>>>>>>TOEFL, TOEIC, IELTS ဘယ်ဟာကို ရွေးမလဲ?

ဂျပန်ကျောင်းအများစုမှာ အင်္ဂလိပ်စာအရည်အချင်းနဲ့ ပတ်သက်ပြီး IELTS ထက် TOEFL, TOEIC ဖြေဆိုထားတဲ့ အောင်လက်မှတ်ကို တောင်းကြတာများပါတယ်။ IELTS က လုံးလုံးမလိုဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ သုံးခုထဲက ဘယ်ဟာတင်တင် လက်ခံတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ အဓိကက ကိုယ်လျှောက်ချင်တဲ့ ကျောင်းပေါ်မှာ မူတည်ပြီး ကျောင်းကလက်ခံတဲ့ အရာကို ဖြေဆိုထားသင့်ပါတယ်။ တစ်ချို့ဂျပန်လူမျိုးအများစုကို မေးကြည့်ရသလောက်တော့ IELTS ကို မသိတဲ့လူ တော်တော်များပါတယ်။ ဒါကြောင့် ဘယ်ဟာရွေးရမယ်မှန်း မသေချာဘဲ ဇဝေဇဝါဖြစ်နေမယ်ဆိုရင်တော့ TOEIC ဒါမှမဟုတ် TOEFL ကို ရွေးတာ အကောင်းဆုံးပါပဲ။

>>>>>>>TOEFL

TOEFL မှာ Pbt(paper based test) နဲ့ ibt(Internet based test) ဆိုပြီး နှစ်မျိုးရှိပါတယ်။ Pbt က နိုင်ငံအတော်များများမှာ ဖြတ်သိမ်းလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကျန်နေပါသေးတယ်။

အဲဒီစနစ် ကျန်သေးတာက တို့လူမျိုးတွေအတွက် တော်တော့်ကို ကံကောင်းပါတယ်။ ကျွန်မအတွက်ဆိုရင်တော့ ibt က တော်တော်လေးကို ခက်ပါတယ်။ ကိုယ်က speaking မှာ အားနည်းတာလည်းပါသလို တစ်ချို့ speaking skill နဲ့ပတ်သက်တဲ့ မေးခွန်းတွေဆိုရင် မေးခွန်းကို နားထောင်ပြီးတာနဲ့ စဉ်းစားချိန်တစ်မိနစ်လောက်ပဲရပြီး ကိုယ့်ထင်မြင်ချက်ကို ချက်ချင်းစာစီပြီး ပြန်ဖြေဆိုရတဲ့အတွက် idea ထွက်မလာခဲ့ရင် တော်တော်လေးကို မလွယ်တဲ့ကိစ္စပါ။

ဒါကြောင့်မို့လို့ speaking နဲ့ပတ်သက်ပြီး အခက်အခဲရှိတယ်ဆိုရင် TOEFL Pbt ကို ဖိလုပ်ထားတာ ကောင်းပါတယ်။ နောက်ပြီး TOEFL Pbt နဲ့ TOEIC က သဘောတရားချင်းနီးစပ်တဲ့အတွက် TOEIC ဖြေတဲ့အခါမှာလည်း သက်သက်စာပြန်ဖတ်စရာ မလိုတာကို တွေ့ရပါလိမ့်မယ်။

******တစ်ခုရှိတာက ဂျပန်မှာက TOEFL ibt ပဲ ရှိတဲ့အတွက် မိမိလျှောက်မယ့်ကျောင်းက TOEFL Pbt ကို လက်ခံမခံ အရင်မေးကြည့်ထားတာ အကောင်းဆုံးပါပဲ။ များသောအားဖြင့်တော့ လက်ခံတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် confirm လုပ်ထားတာ ကိုယ့်အတွက် စိတ်အချရဆုံးပါပဲ။

>>>>>>>TOEFL ကို ဘယ်မှာတက်ရမလဲ? စာမေးပွဲဖြေဖို့ အချိန်ဘယ်လောက်ယူရမလဲ?

အင်္ဂလိပ်စာသင်တန်းကျောင်းတွေတော့ အများကြီးတွေ့ဖူးမှာပါ။ ညွှန်းရမယ်ဆိုရင်တော့ ကိုယ်တက်ခဲ့ဖူးတဲ့ မြို့ထဲက Y.E.S ဆိုတဲ့ ကျောင်းပါ။ သင်ပေးတာကတော့ ဆရာဦးမြင့်အောင်ပါ။ အဲဒီအတန်းက အကြောင်းအရာတစ်ခုချင်းစီကို အသေးစိတ် လိုက်ရှင်းပြနေတာမျိုး မဟုတ်ဘဲ နေ့တိုင်းမေးခွန်းပေါင်းစုံကို ကိုယ်တိုင်ဖြေရပါတယ်။ အဖြေပြန်တိုက်တဲ့အခါကျမှ သက်ဆိုင်ရာအပုဒ်တွေမှာ အရေးကြီးတဲ့ အချက်တွေကို ဆရာက ရှင်းပြပေးတာပါ။

အဲဒီနည်းက ဆရာက အသေးစိတ် လိုက်ပြီးရှင်းပြနေတာထက်စာရင် ကိုယ်တိုင်လေ့လာရတာများပြီး မိမိရဲ့တိုးတက်မှုနှုန်းကို ပိုမြန်စေတယ်လို့ ထင်ပါတယ်။ အဲဒီမှာ course တစ်ခုကို သုံးလလောက်ကြာပါတယ်။ English အခြေခံရှိပြီးသူတွေအတွက်တော့ အဲဒီသုံးလလောက်နဲ့တင် လုံလောက်ပါတယ်။ ဒါမှကိုယ့်ကိုယ်ကို အားမရဘူးဆိုရင် ဒါမှမဟုတ် သင်တန်းမတတ်ပဲ ကိုယ့်ဘာသာကိုယ်ပဲ လေ့လာချင်တယ်ဆိုရင် American Center က library မှာ စာအုပ်တွေငှားပြီး စိတ်ကြိုက်လေ့လာလို့ ရပါတယ်။ ရှင်းလင်းချက်တွေလည်း အပြည့်အစုံ ရေးသားထားတာမို့လို့ ဆရာလွတ် self-study လုပ်လို့ ရပါတယ်။

အခြေခံသိပ်မပိုင်ဘူးလို့ ယူဆရင်တော့ စာမေးပွဲမဖြေမီ လပေါင်းတော်တော်များများအလိုမှာ သင်တန်းတက်ပြီး တတ်နိုင်သမျှ များများလေ့လာထားတာ အကောင်းဆုံးပါပဲ။

>>>>>>>ဂျပန်ရောက်မှ စပြီးလုပ်ရင် အချိန်မီမလား?

အခြေခံပိုင်ပြီးသားသူတွေနဲ့ ဂျပန်ရောက်ပြီး အလုပ်လုပ်စရာမလိုဘဲ မိဘထောက်ပံ့ကြေးနဲ့ ကျောင်းတက်နိုင်လို့ စာအေးအေးဆေးဆေးလုပ်နိုင်သူတွေအတွက်တော့ စိတ်ပူစရာမလိုပေမဲ့ အဲဒီလိုမှမဟုတ်ရင်တော့ မမီပါဘူး။ မမီပါဘူးဆိုတာထက် အလုပ်လုပ်နေရလို့ စာအတွက် အချိန်သိပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တတ်နိုင်ရင် မြန်မာနိုင်ငံမှာ လုပ်လာခဲ့တာ အကောင်းဆုံးပါပဲ။

************အဓိက အကြံပေးချင်တာကတော့ ကိုယ်တတ်ချင်တဲ့ တက္ကသိုလ် ဒါမှမဟုတ် ကောလိပ်ကျောင်းမှာ လိုအပ်တာတွေကို အရင်ဆုံးစုံစမ်းကြည့်ထားတာ အကောင်းဆုံးပါပဲ။

Good luck!!!



---ခင်သံလွင်---

No comments:

Post a Comment